မယုံကြည်နိုင်စရာ သဘာဝလွန်ဖြစ်ရပ်ဆန်းများ
GENERAL KNOWLEDGEOctober 3, 2018
ကမ္ဘာကြီးမှာ ဘယ်သူမှ မဖြေရှင်းနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေ ပုံလို့ပါ။ လက်ရှိအချိန်မှာ သိပ္ပံပညာက ဖြေရှင်းမပြနိုင်သေးတဲ့ အရာတွေကို မဖြစ်နိုင်တဲ့ အကြောင်းအရာတွေလို့ သတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ ယုတ္တိ ဗေဒနဲ့ ဖြေရှင်းပြလို့ မရနိုင်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁. တရုတ်နိုင်ငံ မင်မင်းဆက်ခေတ်က တည်ဆောက်ခဲ့တဲ့ အလုံပိတ် ဂူသင်္ချိုင်းကြီးထဲမှာ ဆွစ်ဇာလန်လုပ် လက်ပတ်နာရီတစ်လုံးကို တွေ့ရမယ်လို့ သိပ္ပံပညာရှင်တွေ မျှော်လင့်မထားခဲ့မိပါဘူး။ အခုချိန်ထိလည်း ဘာလို့ ဒီလိုရောက်နေတယ်ဆိုတာ အဖြေမရှာနိုင်သေးပါဘူး။ လွန်ခဲ့တဲ့ နှစ်လေးရာကျော်က တည်ဆောက်ခဲ့တဲ့ အလုံပိတ် ဂူသင်္ချိုင်းဟာ အရင်က ရှာဖွေတွေ့ရှိသူတွေလည်း ဖွင့်ပြီး ဝင်မကြည့်ရသေးတဲ့ အဆောက်အဦ တစ်ခုဖြစ်လို့ပါ။ ရိုးရိုးသာမာန်လူ ဝင်ဖူးဖို့ဆိုတာတော့ ပြောမနေနဲ့တော့။ အနီးစပ်ဆုံး ဖြစ်နိုင်တာကတော့ တစ်ယောက်ယောက်က လုပ်ဖော်ကိုင်ဖက်တွေကို ကျီစားတဲ့သဘောနဲ့ မြေအလိမ်းလိမ်းကပ်နေတဲ့ နာရီကို အပင်ပန်းခံ ဖန်တီးပြီး ဘယ်သူမှ မသိခင် ချခဲ့တာပဲ ဖြစ်နိုင်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အချိန်ခရီးသွား ဆိုတာ တကယ်ရှိသလားလို့ မေးရတော့မှာပါပဲ။
၂. ရှေးဟောင်းပစ္စည်း မြတ်နိုးသူတစ်ဦးဖြစ်တဲ့ ဂရီဂေါ် စပိုရီရဲ့ တွေ့ရှိမှုကလည်း အံ့အားသင့်စရာပါ။ ၁၉၈၈ ခုနှစ်မှာ သူ့လိုပဲ ရှေးဟောင်းပစ္စည်းစုဆောင်းသူ လူစွန့်စားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး ထိုလူက ဂရီဂေါ်ကို အင်မတန် ထူးဆန်းတဲ့ အရာတစ်ခုကို ပြသခဲ့တယ်။ အဲ့ဒါကတော့ ၁၅ လက်မကျော် ရှည်လျားတဲ့ လက်ချောင်းတစ်ချောင်း ပါပဲ။ ဒီလက်ချောင်းကို အီဂျစ်ကနေ တွေ့ရှိခဲ့တယ်လို့ ဆိုပြီး သူ့ကို ဓါတ်ပုံတော့ ရိုက်ခွင့်ပြုခဲ့ပေမယ့် မရောင်းချခဲ့ပါဘူး။ နောက်ဆယ်နှစ်အကြာမှာ အဲ့ဒီလူဆီက ထပ်ဝယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ထပ်အငြင်းခံခဲ့ ရပါတယ်။ X-Ray ပုံရိပ်တွေ ဘာတွေပါ အစစ်ဆေးခံ သက်သေအထောက်အထားတွေ ပါတာမို့လို့ ဒီအရာက တစ်ချိန်မှာ အင်မတန်ကြီးမားတဲ့ လူ့ဘီလူးကြီးတွေ ရှိခဲ့တယ်ဆိုတဲ့ သက်သေကောင်း မဟုတ်ရင်တော့ အရမ်းကို ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်ထားတဲ့ လက်ရာတု ပါပဲ။
၃. လရဲ့ မျက်နှာပြင်ကို ဓါတ်ပုံရိုက်ကူးနိုင်တဲ့ အချိန်ကစလို့ လူသားတွေအတွက် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်ခဲ့ရတယ်။ ဒီတစ်ပုံထဲမှာတော့ လရဲ့မျက်နှာပြင်ပေါ်က ပိရမစ် ပုံစံ အရာဝတ္ထုကို ရှင်းရှင်းကြီး မြင်တွေ့ရမှာပါ။ သူ့ရဲ့ အမှန်တရားကို သိရှိနိုင်ဖို့ ဆိုတာတော့ လပေါ်ကို ဒီထက် ပိုကြာရှည်တဲ့ လေ့လာရေးခရီး ထွက်နိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်။
၎. မဲခေါင်မြစ်ထဲက ပျံတက်နေတဲ့ မီးလုံးတွေပါ။ ဒီအလင်းရောင်တွေဟာ မဲခေါင်မြစ်ထဲကနေ မီတာအနည်းငယ် မြင့်တဲ့အထိ ပျံတက်လာပြီးမှ ပျောက်ကွယ်သွားတတ်ကြတယ်။ အခုချိန်ထိ သိပ္ပံနည်းကျ မဖြေရှင်းနိုင်သေးတဲ့ အရာတစ်ခုဖြစ်ပြီး ဒေသခံတွေကတော့ Nag လို့ခေါ်တဲ့ လူတစ်ပိုင်း မြွေတစ်ပိုင်း မှော်သတ္တဝါတွေ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ အောက်တိုဘာလဝန်းကျင်မှာ အဖြစ်များတဲ့အတွက် ဒေသခံတွေက ပွဲတော်အဖြစ် ကျင်းပပြီးတောင် စောင့်ဆိုင်းတတ်ကြပါသေးတယ်။
၅. ဒါဟာ အမျိုးအမည်မသိ အာကာသယာဉ်ပျံ သို့ UFO တွေရဲ့ သက်သေထဲမှာ နာမည်အကြီးဆုံး ဓါတ်ပုံ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ဒီဓါတ်ပုံဟာ အစစ်လား လုပ်ကြံဖန်တီးထားတာလား ဆိုတာ ငြင်းမဆုံးသေးဘူး။ ဒီပုံကို ၁၉၅၀ မှာ အမေရိကန်နိုင်ငံတွင်း ရိုက်ကူးထားတာဖြစ်ပြီး ရေဒီယိုအစီအစဉ်တစ်ခုပေါ် ရောက်သွားတဲ့အခါ ပြည်သူအများစုမှာ အကြောက်တရားလွှမ်းမိုးသွားခဲ့ကြပါတယ်။ ယနေ့ခေတ်အထိလည်း ဒီဓါတ်ပုံနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်နေဆဲပါ။
၆. ၂၀၁၁ ခုနှစ်မှာတော့ ဆွီဒင်လူမျိုး သုတေသီတစ်ယောက်ဟာ ဘော်လ်တစ်ပင်လယ်ရဲ့ ဟိုးအောက်ကြမ်းပြင်က ဘာမှန်းမသိတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ရတယ်။ သိပ္ပံပညာရှင်တွေက အဆိုပါအရာဝတ္ထုဆီ ငုပ်သွားတဲ့အခါမှာ သူတို့နဲ့ပါသွားတဲ့ လျှပ်စစ်နဲ့ အသုံးပြုရတဲ့ ကိရိယာတွေအားလုံး ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝေးဝေးကို ပြန်ထွက်လိုက်ရင်တော့ အဲဒီကိရိယာတွေဟာ ဘာမှမဖြစ်ခဲ့သလို အကောင်းအတိုင်း ပြန်ဖြစ်သွား ကြတယ်။ အခုထိ ပင်လယ်ကြမ်းပြင်က အရာကို ဘာမှန်းမသိသေးဘဲ လုံလောက်တဲ့ ဘတ်ဂျက်၊ ကိရိယာတွေနဲ့ မဖော်ထုတ်နိုင်သရွေ့တော့ ပဟေဠိတစ်ခုအဖြစ် ကျန်နေဦးမှာပါ။
၇. တောင်အာဖရိကမှ နမ်မီးဘီးယားနိုင်ငံ သဲကန္တာရထဲမှာ ထူးဆန်းတဲ့ စက်ဝိုင်းသဏ္ဍာန်တွေ အလိုအလျှောက် ပေါ်ထွက်လာခဲ့တယ်။ ဒေသခံတွေက သေခြင်းစက်ဝိုင်းလို့ ခေါ်ပြီး အနားမကပ်ရဲခဲ့ကြပါဘူး။ သိပ္ပံပညာရှင်တွေက ခြတောင်ပို့ကနေ မြေအောက်စက်ရုံအထိ ကောက်ချက်အမျိုးမျိုး ထုတ်ခဲ့ပေမယ့်လည်း တစ်ခုမှ တိကျတဲ့ အဖြေလို့ လက်မခံနိုင်ကြသေးပါ။ ဒီနေ့ထိ မေးခွန်းတစ်ခုဖြစ်နေပြီး ယုံကြည်ခံရဆုံး ကောက်ချက်ကတော့ ဒါဟာ UFO တွေနဲ့ ဆက်စပ်နေမယ်လို့ လက်ခံထားကြပါတယ်။
https://nanmalgyi.com/archives/35952?fbclid=IwAR04cRLNjsGMn3axes5c-S8Ttw498FCwM48-YBqoy9kEtrklq-9--Z8bjbs
No comments:
Post a Comment
Note: Only a member of this blog may post a comment.