ပြဇာတ်ဒီဇိုင်နာက လင်္ကာဒီပမဖတ်ဖူးဘူးထင်တယ်လို့ပြောလာတဲ့ ချစ်ဦးညို
CELEBRITY, ENTERTAINMENTDecember 18, 2018

အခုလတ်တလောမကြာသေးမီက မန္တလေးမြို့မှာ ပြဇာတ်အဖြစ်ကပြသွားတဲ့ ရာမာယဏဇာတ်တော်ကြီးဟာ ပရိသတ်တွေကြားထဲမှာတော်တော်လေးကို ရေပန်းစားနေပါတယ်။ ဒါပေမယ့် အားနာနာနဲ့ပဲဖော်ပြရရင် ကောင်းသောရေပန်းစားခြင်းတော့မဟုတ်ပါဘူး။ အမျိုးမျိုးအဖုံဖုံအသွယ်သွယ်သောဝေဖန်ရှုံ့ချမှုတွေထဲမှာအများဆုံးရှုံ့ချခံရသူကတော့ ပြဇာတ်ကိုကိုင်တွယ်တာဝန်ယူတဲ့ ဝတ်စုံဒီဇိုင်နာပဲဖြစ်ပါတယ်။ ဝေဖန်တာတွေကမပိုတဲ့အပြင် လိုတောင်လိုသေးတယ်လို့ပြောရလောက်အောင်လည်းဝတ်စုံတွေရဲ့အခြေအနေအရပ်ရပ်က တော်တော်ကိုဆိုးရွားလွန်းနေတာမြင်ရမှာပါ။ဒုတိယ ဝေဖန်မှုအခံရဆုံးကတော့ ဆက်တင်အနေအထားပဲဖြစ်ပါတယ်။ ဆက်တင်တွေမှာ Google က အလွယ်တကူရှာလို့ရတဲ့ပုံတွေရယ် လင်္ကာဒီပနန်းတော်ကို အလည်ခေတ်ဥရောပက ရဲတိုက်ပုံကြီး ဖြစ်ကတတ်ဆန်းထိုးပြထားတာကို တစ်နိုင်ငံလုံးက ပရိသတ်တွေက မကျေမနပ်ဝေဖန်နေကြပါတယ်။ လင်္ကာဒီပရဲ့ ဖန်တီးရှင် ဆရာချစ်ဦးညိုကတော့ PannPwint Media နဲ့ Interivew မှာ နေမကောင်းတဲ့ကြားကနေပြီး ပြဇာတ်ကိုဝေဖန်ထောက်ပြထားခဲ့ပါတယ်။
ဆရာချစ်ဦးညိုက လင်္ကာဒီပကို ရုပ်ပြအဖြစ်ဖန်တီးစဉ်က ဖန်တီးသူဆရာဝသုန်နဲ့အတူ စိတ်နှစ်ပြီး အသေအချာအသေးစိတ်ဖန်တီးထားခဲ့ကြောင်းကို “ကိုဝသုန်ကလည်း ဒီထဲမှာပါတဲ့ ဇာတ်ဆောင်တွေရဲ့ခေါင်းစွပ်ကအစ လက်မောင်းစွပ်ကအစ၊လက်စွပ်ပတ်ကအစ၊လက်ပတ်ကအစ၊ပန်းကအစ၊လေးတင်တဲ့ခုံကအစ၊နောက်ဆုံး ဒဿဂီရိသောက်တဲ့အရက်ခွက်ကအစ မူလမဇ္ဇျိမဒေသရဲ့အငွေ့အသက်ခံယူပြီးတော့ ကျားကုတ်ကျားခဲနှစ်ယောက်သားရှာဖွေပြီးတော့ အားကြိုးမာန်တက်နှစ်ယောက်သားအားထုတ်ခဲ့တယ်ပေါ့”လို့ ပြန်ပြောင်းပြောပြထားပါတယ်။
မန္တလေးမှာ လူမင်းဦးစီးပြီးကခဲ့တဲ့ ပြဇာတ်ကတော့မဇ္ဇျိမဘက်ကိုနွယ်ရမယ့်အစား ဂန္တာလရာဇ်ဘက်ကိုနွယ်နေကြောင်း “အခုမန္တလေးမှာကသွားတဲ့ ပြဇာတ်ကိုကြည့်ရတဲ့အခါကျတော့ Facebook ပုံတွေအရကြည့်ရတာ။အချို့ပုံတွေက ဂန္တာလရာဇ်ဆန်တယ်ပေါ့။ ရှေးဟောင်း ဂန္တာလရာဇ်၊စိနတိုင်း၊ စိနရဋ္ဌရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆန်တယ်။ ပြီးတော့ မာရဇ္ဇ၊ရာမ၊လက္ခဏ၊သီတာဒေဝီ၊ယုတ်စွအဆုံး ဒဿဂီရီကအစ မဇ္ဇျိမမနွယ်ပဲနဲ့ ဂန္တာလရာဇ်ဆန်နေတာကိုတွေ့တော့ ပရိသတ်ကအားမလိုအားမရနဲ့ ပြစ်တင်ရှုံ့ချကြတယ်။ အချို့ကလည်းပြင်းထန်တဲ့ပြစ်တင်ရှုံ့ချမှုတွေဖတ်ရပါတယ်။ဒါကတော့ သူတို့ခံစားချက်တွေပေါ့”လို့ ဝေဖန်ထားပါတယ်။ ဆရာချစ်ပြောချင်တာကတော့ အဝတ်အစားတွေက ရိုးရာမဖြစ်၊အရှေ့တိုင်းဘက်ကိုလည်းမနွယ်ပဲ တရုတ်ဆန်နေတယ်လို့ပြောတာပါ။အမှန်တော့တရုတ်ဆန်ရုံတင်မဟုတ် (၁၂) မျိုးဂျင်းသုပ်ပါဆန်နေတာပါ။
ပြဇာတ်ရဲ့ ဝတ်စုံဒီဇိုင်နာဟာ လင်္ကာဒီပကိုမှ ဖတ်ဖူးရဲ့လားမသိဘူးဆိုပြီးတော့လည်း ဆရာချစ်က “နောက်တစ်ခုကအစက အပ်ထားတဲ့ Costume Designer က ပျက်ပြီးတော့ ကခါနီးတစ်ပတ်လောက်အလိုမှ အပူတပြင်းဝတ်စုံတွေအပ်ရတယ်ဆိုတော့ ဒီလိုတွေဖြစ်လာတယ်လို့အကြောင်းပေါ်လာတယ်။ အဲဒီဝတ်စုံဒီဇိုင်နာကလည်း လင်္ကာဒီပချစ်သူကိုမသိဘူးထင်တယ်။ ရာမာယဏကိုမသိဘူးထင်တယ်။ သို့မဟုတ်အပ်တဲ့သူကလည်းမပြောဘူးထင်တယ်။ သူ့ရဲ့ original ဟာ မဇ္ဇျိမဖြစ်ပါတယ်။ အိန္ဒိယမနွယ်သော်လည်းပဲ မြန်မာတွေကြည့်လို့ရတဲ့ မဇ္ဇျိမနွယ်တဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုလုပ်ပေးပါ။ ခါးပတ်ကအစ၊ခေါင်းအုပ်ကအစ၊မင်းသားမင်းသမီး၊လူကြမ်းအစရှိသဖြင့်အကုန်လုံးဖြစ်စေရမယ်ဆိုတဲ့ သဘောတူညီချက်မပါဘူးထင်တယ်။ဒီဇိုင်နာကလည်းဒီဝတ္ထုကိုမဖတ်ဖူးထင်တယ်။ဒါမှမဟုတ် ဖတ်ပြီးတော့ပဲ သူစိတ်ကူးနဲ့တီထွင်ပြီးတော့လုပ်လိုက်လားမသိဘူး။မဟပ်ဘူးဖြစ်သွားတယ်ပေါ့ပြောရရင်တော့” လို့ ဝေဖန်ပြောကြားထားပါတယ်။
ဒါ့အပြင်လူတွေဝေဖန်နေကြတဲ့ setting နဲ့ပတ်သက်ပြီးတော့လည်း “setting တောင်မှတစ်ခုပြောစရာရှိတာက အချို့ဆက်တင်တွေမှာအလည်ခေတ်ဥရောပက ရဲတိုက်ကြီးတွေနောက်ခံမှာတွေ့ရတယ်။ အမှန်က မိုဟန်ဂျိုဒါရို ဆိုတဲ့ဒေသတွေမှာ ဒဿဂီရိတို့နေထိုင်ခဲ့တဲ့ အင်မတန်ကြီးကျယ်တဲ့အဆောက်အဦးကြီးတွေရှိတယ်။အဲဒါကို ရှာဖွေပြီးတော့ ပြသင့်တယ်ပေါ့။ ထားပါတော့။သမိုင်းဆိုင်ရာအထောက်အထားတွေလွဲချော်မှုတွေရှိတဲ့တွက်ပရိသတ်တွေဝေဖန်ကြတယ်ပေါ့။ ကိုယ်ကိုယ်တိုင်ကတော့ မကြည့်ရသေးတဲ့အတွက် နင်ပဲငဆအပြစ်မတင်ပါဘူး။ သို့သော်အများပြောနေတဲ့ဝေဖန်မှုတွေကြည့်ရတာတော့ ဒီလူတွေ ကွဲလွဲကုန်တယ်နဲ့တူတယ်။ သိပ်ကိုနာသွားတာက ကိုယ်ကလည်းအိပ်ရာကမထနိုင်တော့ ပြဇာတ်တိုက်တုန်းကလည်းမရှိဘူး၊အမူအရာနဲ့တိုက်တုန်းကလည်းမရှိဘူး၊ ဝတ်စုံနဲ့တိုက်တော့လည်းမရှိဘူး၊ ချစ်ဦးညိုသာလျှင်ဒီပြဇာတ်မှာအစကတည်းကပါဝင်ပြီးတော့ အကြံပေးခွင့်ပြင်ဆင်ခွင့်ပါဝင်ခွင့်ရမယ်ဆိုရင်ဒီလောက်အထိ အပြောအဆိုခံရမယ်မထင်ဘူး” လို့ ကြိတ်မနိုင်ခဲမရမှတ်ချက်ပြုထားပါသေးတယ်။
ဒါတင်မကသေးပါဘူး။ ဒဿဂီရိရဲ့ညီမ တရိဂမ္ဘီ ရဲ့ ဆင်ယင်ထုံးဖွဲ့မှုပုံစံက အဓိကနေရာမှာသမင်ခေါင်းကိုတပ်ထားပြီး သရုပ်ပျက်ဝတ်စားဆင်ယင်မှုကြီးဖြစ်နေတာကိုလည်း “ကိုဝသုန်ရဲ့ ပန်းချီထဲမှာခါးစည်းကြိုးမှာသမင်ရုပ်ကလေးပါတယ်။ သမင်နဲ့ပတ်သက်ပြီးကျွမ်းကျင်တယ်ဆိုတာကိုပြတဲ့ သင်္ကေတ။ ဒီမှာကကျတော့ အဲ့ဒီလို သမင်ခေါင်းနဲ့ ဂျိုနဲ့လုပ်လိုက်တဲ့အခါကျတော့ အမြင်မတင့်တယ်ဘူးဖြစ်သွားတာပေါ့”လို့ပြောထားပါတယ်။
ဆရာချစ်ဦးညိုကတော့ နောက်ပိုင်းဝတ္ထုတွေလာဝယ်ရင် ဝတ္ထုကိုကြည့်ပြီး၊ကမယ့်လူတွေကိုစိစစ်ပြီး မကနိုင်လောက်ဘူးထင်ရင်မရောင်းဘူးလို့ပြောထားပါတယ်။ဆရာချစ်ဦးညိုဟာ မတော်တဆမှုတစ်ခုကြောင့် စံပြဆေးရုံမှာတစ်လနဲ့နှစ်ရက်တက်ခဲ့ရပြီး လမ်းတောင်မလျှောက်နိုင်ပဲ ဆေးကုနေရဆဲဖြစ်ကြောင်းသိရပါတယ်။ ဒီကြားထဲက လင်္ကာဒီပချစ်သူရဲ့ ဒီလိုမထော်မနန်းကိစ္စရပ်ကြီးဖြစ်လာတာ ဆရာချစ်မှာ တော်တော်လေးစိတ်ထိခိုက်ရှာမှာပါပဲ။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော လင်္ကာဒီပချစ်သူပြဇာတ်ရဲ့ ဓာတ်ပုံတွေမြင်ပြီးသွားကြပြီလား။ ဘယ်လိုသဘောရလဲ။ နောက်ထပ် စင်္ကာပူလိုအခြားနိုင်ငံတွေမှာ ဒါကမြန်မာ့အနုပညာပါဆိုပြီးသွားရောက်ပြသမယ့် ဒီပြဇာတ်ကြီးဟာ လားရာကောင်းမယ်ထင်ကြလား။ပြောခဲ့ကြပါဦး။
Can’t Wait To Say
https://nanmalgyi.com/archives/46089?fbclid=IwAR3o3Q-kX3LzDZWxXa_itYQ7n7pP_vP_18OXtO5lXgXYKEwMd0WTMFs8Nq8
No comments:
Post a Comment
Note: Only a member of this blog may post a comment.