အန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မေတ္တာ
ပရိသတ်တွေကို အမြဲပျော်ရွှင်အောင် လုပ်ပေးနေတဲ့ သရုပ်ဆောင်ကောင်းတယောက်ဖြစ်တဲ့ မေတ္တာကတော့ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ဆေးရုံတင်ခဲ့ရတာ ဖြစ်ပါတယ်။ မေတ္တာရဲ့ ကျန်းမာရေးအခြေနေနဲ့ ပတ်သက်ပြီး သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကတော့ MC ကို ပြောကြားသွား ခဲ့ပါတယ်။ ဖခင်ဖြစ်သူ မေတ္တာကတော့ နှလုံးသွေးကြောပိတ် အဆုတ်ရေဝင်တာစတာတွေ ဖြစ်နေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
မေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကတော့ အင်တာဗျူးတွင် ဘာကြောင့်ဆေးရုံတက်လိုက် ရတာလဲဆိုတဲ့ အပေါ် “အဖေက ၉ ရက်နေ့က တက်လိုက်ရတာပါ။ ဖြစ်နေတာတော့ ကြာပြီဗျာ။ အဖေရိုက်ကွင်းတခုမှာ မီးခိုးငွေ့တွေ ရှုတာများတယ်။ ရှုတာများပြီး အိမ်ရောက်တော့ အသက်ရှုကျပ်တယ်လို့ ပြောတယ်။ ဒါပေမယ့်လည်း နေလိုက်သေးတယ်။ ကြားထဲမှာ ခရီးတွေသွားတယ်။ စာပေဟောပြောပွဲတွေ သွားတယ်။ ပြီးတော့ တဖြည်းဖြည်း ချောင်းဆိုလာတယ်။ အသက်ရှုလို့ မရတော့ဘူး။ နောက်ဆုံး ဘယ်လိုမှ မရတော့ ဆေးရုံသွားမယ်လို့ ကျွန်တော်တို့ကတော့ ပြောတယ်။ အဖေကတော့ လုံးဝကို မသွားချင်ပါဘူး။ နောက်ဆုံး သွားလိုက်တော့ နှလုံးသွေးကြောပိတ်နေတယ်။ ပြီးတော့ ဆီးချိုလည်းတက်နေတယ်။ အဆုတ်ထဲလည်း ရေဝင်တယ်ပေါ့ သွေးလည်း ပါတယ်လို့ ပြောပါတယ်”
ဖခင်ရဲ့ လက်ရှိကျန်းမာရေးနဲ့ ပတ်သက်ပြီး “နည်းနည်းတော့ သက်သာလာပါတယ်။ စတတ်ချင်းတုန်းကတော့ တော်တော်ကို ဆိုးတာပါ။ အသက်ရှုလို့လည်း မရတော့ဘူး။ စကားပြောလို့လည်း မရတော့ဘူး။ ဆေးရုံလာတဲ့အထိတော့ ကောင်းသေးတယ်။ နောက်ဆုံး ဆေးရုံပေါ်ရောက်တော့ လုံးဝမရတော့ဘူး။ ဆေးတွေ ဘာတွေ သွင်းထားတယ်။ အောက်ဆီဂျင်တွေတပ်ထားတယ်။ အဆုတ်ထဲ ရေဝင်တာတွေ ထုတ်မယ်။ စကားတော့ မပြောနိုင်သေးဘူးဗျာ။ သူအားယူနေရတယ်”
ဘယ်အချိန်ထိ အနားယူရမလဲဆိုတဲ့အပေါ် “ဖြစ်နေတာကတော့ တော်တော်ဆိုးပါတယ်။ ဆရာဝန်တွေကလည်း ဒါအန္တရာယ်အရမ်းများပါတယ်တဲ့။ သူစိတ်တော်တော်မာလို့ ဘာမှ မဖြစ်တာပေါ့။ အနားတော့ ယူမှရတော့မယ်။ လှုပ်ရှားလို့လည်းမရတော့ဘူးပေါ့။ စကားပြောလို့လည်း မရတော့ဘူးပေါ့နော်။ ဒါကြောင့် အဖေလက်ခံထားတဲ့ အငြိမ့်ပွဲတွေမှာ ကျွန်တော် သွားက ပေးရတော့မှာတွေ ရှိတာပေါ့နော်။ အဖေကတော့ အိမ်မှာ အနားယူမှပဲ ရတော့မယ်။ အဓိကကတော့ ၃ လလောက် အနားယူရတော့မှာပါ”
ဦးမေတ္တာကို စိတ်ပူပေးတဲ့ ပရိသတ်တွေ အတွက် သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကတော့ “အဖေ့ကို စိတ်ပူပေးကြတဲ့ တနိုင်ငံလုံးက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အလုပ်တွေ အရမ်းပိသွားတာကြောင့် ကျန်းမာရေး ချို့တဲ့သွားတာပါ။ လက်ရှိမှာတော့ အာရှတော်ဝင် ဆေးရုံကြီးမှာ အနားယူနေပါတယ်။ အခုလောလောဆယ်မှာတော့ နည်းနည်းသက်သာလာပါပြီ။ ဆုတောင်းပေးကြတဲ့ လူတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
https://nanmalgyi.com/archives/49960
No comments:
Post a Comment
Note: Only a member of this blog may post a comment.