ရူပဗေဒသီအိုရီတစ်ခုကို ရှင်းပြဖို့ ရေထဲမှာ ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခဲ့တဲ့ အမျိုးသား
သိပ္ပံပညာကို စိတ်ဝင်စားတဲ့သူတွေကို လူမှုအသိုင်းအ၀ိုင်းမှာ လူထူးလူဆန်းတွေလို့ သတ်မှတ်ကြပေမယ့် သူတို့ကြောင့်ပဲ ရှာဖွေတွေ့ရှိမှု အသစ်တွေကို တွေ့ရှိခဲ့ကြတာပါ။
နော်ဝေနိုင်ငံမှာ နေထိုင်တဲ့ အန်ဒရီယာစ်ဆိုတဲ့သူကိုလည်း အဲဒီလို လူထူးလူဆန်း တစ်ယောက်အဖြစ် အများစုက သတ်မှတ်ထားကြပါတယ်။ ရူပဗေဒ ပညာရှင်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အန်ဒရီယာစ် ဟာ နော်ဝေနိုင်ငံရဲ့ ပြည်တွင်းရုပ်သံလိုင်း NRK1 ရဲ့ ပင်တိုင်အစီအစဉ် တင်ဆက်သူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ထူးထူးဆန်းဆန်း စမ်းသပ်မှုတွေကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ အမြဲတင်လေ့ရှိပြီး ကြည့်တဲ့သူတိုင်း တအံ့တသြဖြစ်ရလေ့ရှိပါတယ်။
ဒီတစ်ကြိမ်မှာလည်း အန်ဒရီယာစ်က အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ စမ်းသပ်မှုတစ်ခုကို လက်တွေ့ပြုလုပ်ပြခဲ့ပြီး အဲဒါကို NRK1 ရုပ်သံကနေ ထုတ်လွှင့်ပေးခဲ့တာပါ။
အန်ဒရီယာစ်က ရေထဲမှာ သေနတ်ပစ်တဲ့အခါ ကျည်ဆံဟာ ရေဖိအားကို မတွန်းလှန်နိုင်ပဲ ဘေးဘီကို ထိရောက်မှု မရှိနိုင်ဘူးဆိုတာကို သက်သေပြဖို့ ကြိုးစားခဲ့တာပါ။ ရုပ်သံအစီအစဉ် ရိုက်ကူးရေး မစခင်မှာ မျက်မြင်သက်သေတွေကို ခေါ်ပြီး သေနတ်အစစ်နဲ့ ကျည်အစစ် ဟုတ်၊ မဟုတ် စမ်းသပ်ခိုင်းခဲ့ပါသေးတယ်။
အဲဒီလို သက်သေပြနိုင်ဖို့အတွက် အန်ဒရီယာစ်ဟာ ရေကန်ထဲမှာ သေနတ်တစ်လက်ကို ဆင်ထားခဲ့ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ ပြန်လည်ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
ဒါဟာ အခန့်မသင့်ရင် သေသွားနိုင်တဲ့ကိစ္စဖြစ်ပြီး တစ်ခုခုမှားယွင်းသွားတာနဲ့ အန္တရာယ်ရှိတဲ့ကိစ္စပါ။ ဒါပေမယ့် အန်ဒရီယာစ်ကတော့ သူ့ရဲ့တွေ့ရှိချက်အတွက် စွန့်စားဖို့ ဆုံးဖြတ်ခဲ့ပြီး မောင်းခလုတ်ကို ကြိုးနဲ့ဆွဲပြီး ကိုယ့်ကိုယ်ကိုယ် ပစ်ပြခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူမျှော်လင့်ထားတဲ့အတိုင်း ကျည်ဆံက ပြောင်းဝက ထွက်လာပြီး အကွာအဝေးအနည်းငယ်မှာပဲ အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ အသက် (၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဒရီယာစ်အတွက် ဒီစမ်းသပ်ချက်က ပိုမိုနာမည်ကြီးဖို့ ဖြစ်လာခဲ့ပြီး သူ့ရဲ့စမ်းသပ်မှု ဗီဒီယိုဟာ လူကြည့်များခဲ့တာပါ။
ဒီတော့ ရုပ်ရှင်တွေကြည့်ရင်း ရေထဲမှာ သေနတ်နဲ့ ပစ်ခတ်ကြတာကို တွေ့ရင် ဒါက လုပ်ကြံဖန်တီးမှု သက်သက်ဖြစ်ပြီး လက်တွေ့မကျဘူးဆိုတာ နားလည်ရပါတော့မယ်…။
Linn
Source : elitereaders
http://www.shwemom.com/scientist-shouts-self-to-prove-laws-of-physics-lk/?fbclid=IwAR3tKuDzXJl7YPxUixuuEQMd6yndwJVPd9_sjA_aQEg9v3iuC6SGzU55ISU
No comments:
Post a Comment
Note: Only a member of this blog may post a comment.