Sciatica (ခါးနာပေါင်တန်းနာ) ဆိုတာ ခါးအောက်ပိုင်း၊ ပေါင်အနောက်ဘက်ကနေ ခြေထောက်အထိ ဆင်းသွားတဲ့ (Sciatic Nerve)
Sciatica (ခါးနာ/ပေါင်တန်းနာ) ဆိုတာ ခါးအောက်ပိုင်း၊ ပေါင်အနောက်ဘက်ကနေ ခြေထောက်အထိ ဆင်းသွားတဲ့ (Sciatic Nerve) အာရုံကြောတစ်လျှောက် နာနေတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခြေထောက်တစ်ဖက်တည်းမှာသာ ဖြစ်လေ့ရှိပါတယ်။
အကျိတ်ရှိခြင်း၊ ခါးရိုးဆစ်ကျွံခြင်း၊ ကျောရိုးမကြီးပေါ်တွင် အရိုးအစွန်းအပို ထွက်ခြင်း၊ ခါးဆစ်ရိုး အပေါက်နေရာ ကျဉ်းမြောင်းလာခြင်းတို့ကြောင့် အာရုံကြောအစိတ်အပိုင်းကို ဖိမိရာမှ ရောင်ရမ်းနာကျင်မှုနှင့် ထုံကျဉ်မှုတို့ကို ခံစားရတာ ဖြစ်ပါတယ်။
နာကျင်မှု ပြင်းထန်ပေမယ့် များသောအားဖြင့် မခွဲမစိတ်ရဘဲ ရက်သတ္တပတ်အတွင်းမှာ သက်သာသွားလေ့ ရှိပါတယ်။
ရောဂါလက္ခဏာ
ခါးအောက်ပိုင်း၊ တင်ပါး၊ ပေါင်တစ်လျှောက်မှတစ်ဆင့် ခြေထောက်ထိ နာလေ့ရှိပြီး အာရုံကြောလမ်းကြောင်းရှိရာ တောက်လျှောက် မသက်မသာဖြစ်မှုကို ခံစားရပါတယ်။ နာကျင်မှု ခံစားရပုံက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သာမန်နာကျင် ကိုက်ခဲမှုကနေ စူးစူးရှရှ နာကျင်ခြင်း၊ ပူလောင်ခြင်းနှင့် မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရခြင်း စသည်ဖြင့် ကွဲပြားနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဓာတ်လိုက်သကဲ့သို့ ခံစားရခြင်း ဒါမှမဟုတ် ဆတ်ခနဲ ဖြစ်သွားခြင်းစတဲ့ ခံစားမှုတွေ ဖြစ်လာတတ်ပါတယ်။
အချို့သော လူတွေမှာ ကြွက်သား ထုံကျဉ်ခြင်း၊ အားနည်းခြင်းတို့ကို ခံစားရပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အချိန်တော်တော်ကြာတဲ့အထိ ထိုင်ခြင်း စတာတွေက အကြောနာခြင်းကို ပိုဆိုးစေတဲ့အချက်တွေ ဖြစ်ပါတယ်။
ခါးနာ/ပေါင်တန်းနာကို ပိုဖြစ်စေတဲ့ အကြောင်းအရင်းများ
အသက်
အသက်အရွယ် ကြီးရင့်မှုကြောင့်ဖြစ်တဲ့ ခါးရိုးဆစ်ကျွံခြင်း၊ အရိုးအစွန်းထွက်ခြင်း စတာတွေက Sciatica ဖြစ်ဖို့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
အ၀လွန်ခြင်း
ပိုလျှံလာတဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ကျောရိုးမကြီးအပေါ်မှာ ဖိအားသက်ရောက်မှုကို ဖြစ်စေပြီး ပြောင်းလဲမှုတွေကို ဖြစ်စေတာကြောင့် အကြောနာခြင်းကို ခံစားရနိုင်ပါတယ်။
အလုပ်အကိုင် အနေအထား
အလေးအပင် မကြာခဏ မ,ရသူများ၊ ယာဉ်မောင်းများ၊ ထိုင်ခုံမှာ အချိန်ကြာမြင့်စွာ ထိုင်ပြီး အလုပ်လုပ်သူများမှာ ခါးနာ/ပေါင်တန်းနာဝေဒနာ ပိုဖြစ်လေ့ရှိပါတယ်။
ဆီးချိုဝေဒနာရှင်
ဆီးချိုဝေဒနာရှိသူတွေမှာ အာရုံကြော ပျက်စီးမှုဖြစ်ဖို့ အလားအလာ ပိုများပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးများ
များသောအားဖြင့် လူအများစုမှာ သူ့အလိုလို သက်သာလာလေ့ရှိပေမယ့် Sciatica ကြောင့် အာရုံကြောများ ပျက်စီးခြင်းကို ရာသက်ပန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခံစားမှုမရှိတော့ခြင်း၊ ကြွက်သား အားနည်းလာခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရပါက ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ရောဂါရှာဖွေ စစ်ဆေးခြင်း
ဆရာဝန်က ကြွက်သားသန်စွမ်းမှုနှင့် လှုံ့ဆော်မှုအပေါ်တွင် ကြွက်သားများရဲ့ တုံ့ပြန်မှုကို စစ်ဆေးပေးပါလိမ့်မယ်။ ခြေများထောက်၍ လမ်းလျှောက်ခြင်း၊ ဆောင့်ကြောင့်ထိုင်ရာမှ ထခြင်း၊ လဲလျောင်းနေစဉ် ခြေထောက်မြှောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ချိန်တွင် အကြောနာဝေဒနာကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။ ဓာတ်မှန်၊ MRI နှင့် CT ရိုက်ခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Electromyography (EMG) လို့ခေါ်တဲ့ ကြွက်သားတွေ တုံ့ပြန်မှုနှင့် အာရုံကြောများမှ ထုတ်လွှတ်တဲ့ လျှပ်စစ်တွန်းအားကို တိုင်းတာတဲ့နည်းလည်း ရှိပါတယ်။ ၎င်းစမ်းသပ်မှုက ခါးရိုးဆစ်ကျွံခြင်းကြောင့်ဖြစ်တဲ့ အာရုံကြော ဖိခံရခြင်းလား ဒါမှမဟုတ် ကျောရိုးမ ကျဉ်းမြောင်းခြင်းကြောင့်ဖြစ်တဲ့ အာရုံကြော ဖိခံရခြင်းလားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်။
ကုသမှု
ကုသနည်း အမျိုးမျိုး ရှိပါတယ်။
1. အရောင်ကျ အနာသက်သာဆေး (Aspirin, Paracctamol, Ibuprofen)၊ ကြွက်သားပြေလျော့ဆေး၊ ဘိန်းပါဝင်သော နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ဆေးဝါးများ အတက်ရောဂါကုဆေးများ၊ စိတ်ကျရောဂါတွင် အသုံးပြုသော Tricyclic Antidepressants ဆေးဝါးများပေး၍ ကုသခြင်း
2. ကိုယ်နေဟန်ထားကို မှန်စေပြီး ကျောဘက်ကို ထောက်ခံပေးထားတဲ့ ကြွက်သားများကို သန်စွမ်းစေကာ ပျော့ပျောင်းမှုကို တိုးတက်စေတဲ့ လေ့ကျင့်ခန်းများ ပါဝင်သည့် Physical Therapy
3. အာရုံကြောအမြင်ရှိရာ နေရာတစ်ဝိုက်သို့ Steroid ထိုးသွင်းခြင်းနှင့် ခွဲစိတ်ကုသခြင်း
4. ရေခဲကပ်ပေးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း
5. ဆန့်ထုတ်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ကြိုတင်ကာကွယ်ခြင်း
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားနှင့် ဟန်ချက်ညီမှုအတွက် အရေးပါတဲ့ ၀မ်းဗိုက်ကြွက်သားနှင့် နောက်ကျောကြွက်သားတွေနဲ့ သက်ဆိုင်တဲ့လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ထိုင်တဲ့အခါမှာ ကိုယ်နေဟန်ထား အနေအထိုင်၊ ခါးမတ်ထိုင်ပါ။ နောက်မှီကောင်းကောင်းပါတဲ့ ထိုင်ခုံကိုသာ အသုံးပြုသင့်ပါတယ်။ ကျောရိုးမကြီး ပုံမှန်အတိုင်း ရှိနေစေရန် ခေါင်းအုံးကို ကူရှင်သဖွယ် အသုံးပြုပါ။
အလေးအပင် မ,ရာမှာလည်း ဆွဲမယူခြင်းမပြုဘဲ ထိုင်ပြီးမှ မ,သင့်ပါတယ်။ ပစ္စည်းမ,ခြင်းနှင့် ခါးလိမ် ကောက်ခြင်း တစ်ပြိုင်တည်း မပြုလုပ်မိစေရန် ဂရုစိုက်ပါ။
Dr. Htet Htet Aung
https://www.facebook.com/542517552498451/photos/a.544041039012769.1073741829.542517552498451/1688723641211164/?type=3

No comments:
Post a Comment
Note: Only a member of this blog may post a comment.