ညောင်းခြင်း ကိုက်ခြင်းသက်သာအောင်
=====
ဘော်ဒါတစ်ယောက်ရဲ့ ကလေးငယ်ငယ်လေး ညောင်းလို့နှိပ်နှိပ်ပေးနေရတယ်ဆိုလို့ ပြောရင်းနဲ့ ဒီစာကိုရေးလိုက်တာ။
(အနှိပ်ခန်းကို သွားချင်လွန်းလို့ အကြောင်းပြပြီးသွားနေတဲ့ဘဲကြီးတွေ ဒီစာကို မမြင်ချင်ယောင်သာဆောင်သွား)
လူမှာ ခြေထောက်တွေဖြစ်စေ တခြားကြွက်သားတွေဖြစ်စေ အလကားနေရင်း ညောင်းနေရခြင်းက အဓိက ၂ ချက်ပဲရှိတယ်။
၁။ ပိုတက်ဆီယမ်ချို့တဲ့ခြင်း Potassium Deficiency
ပိုတက်ဆီယမ်ချို့တဲ့လား မတဲ့လားဆိုတာ ရုတ်တရက်ဆိုမသိဘူးပေါ့ဗျာ။ ဒါပေမယ့် ကြွက်တက်ခြင်း၊ ညောင်းကိုက်ခြင်း၊ မလှုပ်ချင်မရှားချင်ဖြစ်အောင် နွမ်းနယ်နေခြင်းစတာတွေဟာ ရောဂါမရှိဘဲ ပုံမှန်အချိန်ဖြစ်နေပြီဆို Potassium Deficiency ဖြစ်ဖို့များတယ်။ (ကြွက်သားထဲကို K တွေဘယ်လိုဝင်တယ် ဘယ်လိုထွက်တယ် ion pump တွေဘာတွေအကြောင်းတော့ ဆရာဝန်တွေသင်ရတဲ့ ပညာရှင်အဆင့်ဖြစ်လို့မရှင်းပြတော့ဘူး)
အထူးသဖြင့် အသီးအရွက် စားလေ့မရှိတဲ့သူတွေမှာ ပိုဖြစ်လေ့ရှိတယ်၊ အစားအသောက် မညီမျှတာ (Diet imbalance) ပေါ့။
ဒိန်ချဉ်၊ အာလူး၊ ကစွန်းဥ၊ လိမ္မော်သီး၊ ထောပတ်သီး၊ ငှက်ပျောသီးစတာတွေ များများစားပေးလိုက်ရင် အဲ့ဒီ ကြွက်သားညောင်းကိုက်တတ်တဲ့ဒဏ်ကနေ အတော်သက်သာသွားမယ်။
(ထပ်ဖြည့် - ကျွန်တော်လိုသွားတာတစ်ချက် မိတ်ဆွေတစ်ယောက်ထောက်ပြလို့ သတိရသွားလို့ဖြည့်ထားတာပါ။
Calcium Deficiency မှာလဲ Muscle Cramp ရတတ်ပါတယ်။ ထွားတဲ့အရွယ် ကလေးတွေမှာပိုအဖြစ်များတတ်ပါတယ်။ အရိုးရှည်တဲ့အချိန် Calcium အသုံးများလို့ပါ၊ Growth Pain လို့လဲ ခေါ်လေ့ရှိပါတယ်။ နွားနို့၊ ဒိန်ချဉ်၊ ချိစ့်၊ ကန်စွန်းရွက်၊ Broccoli၊ ဆာဒင်းငါးတွေစားပေးရင် ကာကွယ်လို့ရပါတယ် )
၂။ ကြွက်သားလှုပ်ရှားမှုနည်းခြင်း
တစ်နေ့တစ်နေ့ အိပ်ယာပေါ်မှာ အပျင်းထူနေတဲ့သူတွေဟာ တစ်နေကုန်လှုပ်ရှားသွားလာနေရတဲ့သူတွေထက် ပိုပြီး ကြွက်သားညောင်းကိုက်တတ်ပါတယ်။
အထင်ရှားဆုံးဥပမာပေးရရင် ခေါင်းကြီးကို ဘယ်မှမလှုပ်ဘဲ တစ်နေကုန် ကွန်ပြူတာသုံး၊ တီဗီကြည့်လုပ်ကြည့်ပါလား၊ အကျင့်မရှိရင် ဇက်ကြောတက်တာ အတော်ဆိုးပါတယ်။
ကြွက်သားတစ်ခုဟာ တစ်နေရာတည်းမှာ အကြာကြီးနေရတဲ့အခါမှာ အသားသေသွားတဲ့သဘောရယ်၊ လှုပ်ရှားမှုနည်းလို့ ကြွက်သားဆီကို သွေးမရောက်လို့ ပြသနာတက်တဲ့သဘောရယ် ၂ မျိုးကြောင့်ပါ။
နောက်တစ်မျိုးကတော့ သန်မာမှုမရှိတဲ့ကြွက်သားတွေဟာ ပိုပြီးညောင်းတတ်ပါတယ်။ စက်ဘီးအားကစားသမားတစ်ယောက် ပြေးရတဲ့အားကစားလုပ်တဲ့သူတစ်ယောက်ရဲ့ ခြေထောက်ဟာ လုံးဝနီးနီး မညောင်းကိုက်တတ်ပါဘူး။
ဒီတော့ အားအားရှိ ညောင်းနေတတ်ရင် အကောင်းဆုံးအလုပ်ကတော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ညောင်းတတ်တဲ့ ကြွက်သားကို ပိုပြီးသန်မာလာအောင် လေ့ကျင့်ပါ။
ကြွက်သားကြံ့ခိုင်မှု ကောင်းလာတာနဲ့အမျှ ညောင်းကိုက်တာတွေ အလိုလိုပျောက်သွားပါလိမ့်မယ်။
=======
ရှောင်ဖို့အတွက်ပြောချင်တာတော့ နှိပ်တဲ့အကျင့်ကို လုံးလုံးမလုပ်ပါနဲ့၊ အကျင့်ပါသွားရင် စွဲသွားရင် အလကားနေရင်း ကိုယ်ပဲဒုက္ခရောက်တာပါ။ နှိပ်ပေးမယ့်သူမရှိရင် တိုင်တွေပတ် အိပ်မရဖြစ်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာသလိုပါပဲ၊
နှိပ်တယ်ဆိုတာ အဲ့ဒီနေရာကို သွေးလည်ပတ်မှုကောင်းအောင်ရယ်၊ Muscle ကိုဖိနှိပ်လိုက်တဲ့အတွက် cell ထဲမှာရှိတဲ့ဓါတ်တွေ အ၀င်အထွက်ဖြစ်အောင် လုပ်လိုက်လို့ ညောင်းတာ သက်သာသွားတဲ့သဘောပါပဲ။
နောက်ဆုံးတစ်နည်းကတော့ သွေးလည်ပတ်မှုကောင်းအောင် ခြေထောက်ကိုရေနွေးစိမ်လို့ရတယ်။
ညောင်းတတ်သူများ အဆင်ပြေပါစေ
(အနှိပ်ခန်းသွားမှဆိုတဲ့သူများ မပါ 😂😂)
ဒေါက်တာ ကျော်ကျော်စိုင်း M.B.,B.S (IM-1)
https://www.facebook.com/drkyawkyawsai/posts/10212072129458505

No comments:
Post a Comment
Note: Only a member of this blog may post a comment.