လူအမြင်ကပ်အောင်နေနည်း(၁၃)နည်း
လူအမြင်ကပ်အောင်နေနည်း(၁၃)နည်း
========================
(၁)ပျားရည်ကိုယူ၍ ပျားအုံကို ဖျက်ပါ
တစ်ဖက်သား အပြစ်ကို ပုံကြီးချဲ့ပါ။ ဖြစ်တာနဲနဲ ပြောတာများများ ဖြစ်စေရန်ပြောပါ။ လူတစ်ယောက်က သူ့အမှားကို သူဝန်ခံလာသည့်တိုင် အကြောင်းတိုက်ဆိုင်သည့် အခါတိုင်းတွင် သူ့အမှားကို စီတန်းပြီးပြောပြပါ။ ထို့နောက် ကောင်းတာလုပ်သည်များကို လျစ်လျူရှုပြီးသကာလ ရှေ့တွင် နဲနဲချီးမွမ်းပြီး နောက်ကွယ်တွင် များများ အတင်းပြောပေးပါ(အထူးသဖြင့် သူပြန်ကြားနိုင်လောက်သော သူများကိုသာ ရွေးချယ်၍ပြောပါ)။
ဥပမာ။ ။ မင်းအရင်ကတည်းက ဒီလိုအမှားတွေ အကြိမ်ကြိမ်လုပ်လာတာပဲ ။ဟိုတစ်ခေါက်ကဆို ဒီလိုပြောပြောပြီး သောက်တစ်လွဲတွေလုပ်နေတာလေ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတည်းက အမှားတွေ လုပ်ပြီးပြီ အဲ့တာတွေ ထပ်လုပ်ဖို့ ကြိုးစားနေတုန်းလား။
(၂)မြှောက်ပင့်ပါ မချီးမွမ်းပါနဲ့
လူတစ်ယောက်က သူလုပ်သောအလုပ်ကို လာရောက်တိုင်ပင်လျှင် ထိုအလုပ်နှင့် ပတ်သတ်ပြီး အခက်တွေ့စေရန် နည်းလမ်းတကျ မြှောက်ပေးပါ။ သူ၏ ပင်ကိုစိတ်ကို မိုးထိမြှင့်သယောင်ယောင်နှင့် ကော်ပင့်ပေးပါ။ သူတကာကြား အရှက်ကွဲနိုင်မည့် နည်းလမ်းများကို သူသဘောကျ ပြောပြပါ။ အရောက်ပို့ပါ။
ဥပမာ။ ။ အဲ့ကောင်မလေးကို ရည်းစားစကား ပြောမယ့်အစား လမ်းမှာ လက်ဆွဲပြီး ဖက်နမ်းလိုက်။ အဲ့တာဆို သူက မငြင်းဘဲနဲ့ တန်းပြီး အဖြေပေးလိမ့်မယ်။
(၃)သူလိုချင်သောအရာကို မပေးပါနဲ့
လူတိုင်းသည် အလုပ်တစ်ခု စကားတစ်ခွန်း ပြောခြင်း၏ အကြောင်းအရာမှာ တစ်စုံတစ်ခုကို လိုခြင်းသောကြောင့်သာ ဖြစ်သည်။ သူလိုခြင်းသော အရာကို မသိကျေးကျွံ့ပြုခြင်းက သူ့အတွက် အခက်တွေ့စေမှာ မုချပင်ဖြစ်သည်။ သူလိုချင်သောအရာကို သိအောင်ကြိုးစားပါ။ ထို့နောက် ထိုအရာကို တတ်နိုင်သမျှမသိချင်ယောင်ဆောင်ပြီး ပေကပ်နေနိုင်သည်။ ဘွင်းဘွင်း ပြောလာလျှင် အပြီးပြတ်ငြင်းပါ။ အားမနာပါနှင့်။
ဥပမာ။ ။ မင်းကိုငါ ပြောစရာရှိတယ်။ အေး.. အရေးမကြီးရင်မပြောနဲ့လေ။
(၄)သူတစ်ပါးအကြောင်းကို စိတ်ဝင်စားပုံမပြပါနဲ့
လူတိုင်းသည် သူတစ်ပါး အကြောင်းထက် မိမိအကြောင်းကို ပိုမိုစိတ်ဝင်စားပြီး ပြောချင်နေသူများသာဖြစ်သည်။ ထို့ကြောင့် သူတစ်ပါးအကြောင်းကို စိတ်ဝင်စားလျှင် ခဏခဏလာရောက် ပြောဆိုနိုင်သည် ဖြစ်လေရာ အမှန်တကယ် စိတ်ဝင်စားနေ့သည့်တိုင် မသိချင်ယောင်ဆောင်ပေးပါ။ အတင်းကျပ်လာရောက် ပြောလာလျှင် မကြားချင်ယောင်ဆောင်ပါ။ ဘုကန့်လန့်ပြောပါ။ ပြောမည်ဟု စကားစလာလျှင် အတင်းစကားဖြတ်ပစ်ပါ။
ဥပမာ။ ။မင်းအဲ့အကြောင်းပြောရင် ငါပြန်တော့မယ်။ အကျိုးမရှိတာတွေ တတွတ်တွတ်လာပြောမနေနဲ့ အချိန်ကုန်တယ်။
(၅)ဘယ်တော့မှ ပြုံးမနေပါနှင့်
လူတစ်ယောက်ကို ပြုံးပြလျှင် သင့်အတွက် ပေးဆပ်ရသည်က များမည်မှာ ဧကန်ပင်။ သူတစ်ကာ ပြုံးပြလျှင်တောင် ခပ်တည်တည်နေကြည့်ပါ။ နောက်တစ်ခါ ပြန်ပြုံးပြမည် မဟုတ်တော့ပါ။ ပြုံးနေလျှင် သတိထားဟူသော ဆိုရိုးလည်း ရှိပေရာ ပြုံးနေလျှင် သင့်ဆီက တစ်စုံတစ်ခုကို ရယူတော့မည်မှ သေချာသလောက်ပင်။ သို့ကြောင့် သူများလာပြုံးလျှင် ပြန်မပြုံးပြပါနှင့် ကိုယ်တိုင်လည်း သူမျာူကို မပြုံးပြပါနှင့်။
ဥပမာ။ ။ဟာသတစ်ပုဒ်လာရောက် ပြောလျှင်ပင် ရယ်လည်းမရယ်ရဘူး ဟု ဘုတောခြင်း။
(၆)နာမည်ရင်း မခေါ်ပါနှင့်
လူအများစုသည် မိမိနာမည်ရင်းကို ခေါ်လျှင် ကြိုက်နှစ်သက်လေ့ရှိသည်။ ထိုအရာကား အင်မတန်ခက်ခဲသော အလုပ်ဖြစ်ပေသည်။ ကျွန်ုပ်တို့ ခေါင်းထဲတွင် အလုပ်ကိစ္စ မိသားစု လူမှုရေး အစရှိသည်များ ထည့်ထားရသည်ဖြစ်သောကြောင့် လူများ၏ နာမည်များကို မှတ်ရင်မလိုအပ်ပေ။ ဤသို့လုပ်ခြင်းက သင်မှတ်မိသော အရေးကြီးအရာများကို မေ့နိုင်စေသည်။ သို့ကြောင့် နာမည်ရင်းထက် ပိုမှတ်မိလွယ်သော နာမည်ကိုခေါ်ပါ။
ဥပမာ။ ။အသားမဲသူကို ကုလား၊ ပိန်သောသူကို ငဖောင်ရိုး၊ ၀သောသူကို ဖက်တီးပုတ်။
(၇)ကြားဖြတ်ပြောပါ
လေကြောရှည်သူများနှင့်တွေ့လျှင် သင့်အချိန်များကို အလဟသ အကုန်မခံပါနှင့်။ သူပြောသော အကြောင်းအရာကား မည်မျှပြောမည်ကို ကြိုတင်မသိနိုင်။ ဘယ်ကိုရောက်ပြီး ဘယ်ကိုပေါက်မှန်းမသိသော အရာကို အချိန်ကုန် စိတ်ဝင်စားပြီး နားထောက်မနေပါနှင့်။ ကိုယ်လိုချင်သော အကြောင်းရာ ရောက်ရန် သူစကားမဆုံးခင် စကားဖြတ်ပြောပါ။ ခနခန စကားဖြတ်ပြောလျှင် သူစိတ်ဆိုးဒေါသထွက်ပြီး မြန်မြန် ဖြတ်လိမ့်မည်။
ဥပမာ။ ။ကျတော်ပြောတာ ဒီလို။ဟာ…အဲ့တာမဟုတ်ဘူး ဒီလိုဖြစ်မယ်။
(၈)သူ့ကိုနှိမ့်ချပါ
လူတစ်ယောက်ကို စကားပြောလျှင် စတွေ့ကတည်းက နှိမ်ပြီးပြောပါ။ သူ့တွင် မည်မျှကောင်းကွက်ရှိရှိ အားနည်းချက်မှာမူ လူတိုင်း မကင်းနိုင်ပေ။ သို့အတွက်ကြောင့် ထိုအချက်ကို ရှာပြီး နင်းပြောပါ။ ကောင်းကွက်များကို တတ်နိုင်သမျှရှောင်ပြီးပြောပါ။ သူပြောသော အကြောင်းအရာတိုင်းကို ဆန့်ကျင်ဘက်ကနေပြီး မှားနေကြောင်း သတ်သေပြပါ။
ဥပမာ။ ။ဌက်တွေက ပျံနိုင်တယ်လေ။ ခင်ဗျားအဲ့လိုမပြောနဲ့ ဌက်ကုလားအုပ်နဲ့ ပင်ဂွင်းဌက်တွေကို ဘယ်နားသွားထားမလည်း ခင်ဗျားဗျာ ရုပ်နဲ့ပြောတဲ့စကားနဲ့ လိုက်တယ်။ ပေါတောတောနဲ့။
(၉)လူတတ်ကြီးလုပ်ပါ
ပြောဆိုဆက်ဆံတိုင်း လူတတ်ကြီးပြီပြီ ကိုယ့်အထာနှင့်ကိုယ်နေပြီး ပြောသမျှတိုင်းကို အညွှန့်ခူးပါ။ စကားကြီး စကားကျယ်များကို အလွတ်ကျက်ပါ။ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။ သူသိချင်ချင် မသိချင်ချင်၊ နားလည်လည် မလည်လည် ကိုယ်ပြောနိုင်ဖို့လိုသည်။ သူနားမလည်လေ ကိုယ့်ကို ပိုပြီး အထင်ကြီးလေ လည်းဖြစ်သည်။
ဥပမာ။ ။ဗျူရိုက်ကရက် ယန္တရားရဲ့ ချုပ်ကိုင်မှုတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် ကြိုးနီစနစ်ကို အမြစ်မဖြတ်နိုင်သမျှ ကာလပတ်လုံး အာဏာရှင်ကို အသက်သွင်းနေတာက ဒီမိုကရေစီကို စာလုံးပေါင်းမှန်နိုင်မှာ မဟုတ်ဘူး။
(၁၀)လူတိုင်းကို မှားသည်ဟု ခဏခဏပြောပါ
မည်သည့်အယူဆ အဆိုကို တင်သွင်းလာသည် ဖြစ်စေ ထိုအရာက မှားနေကြောင်း တွင်တွင်ပြောပါ။ မှားနေသည်ကို အချက်လက်နှင့် ပြောနိုင်လျှင်ပိုကောင်းသည်။ အကြောင်းရာတိုင်းကို အချက်လက်နှင့် ပြောနိုင်ရန်မှာ မသေချာပေ ။ သို့အတွက်ကြောင့် အချက်လက်နှင့် မပြောနိုင်လျှင်လည်း ဖင်ပိတ်ပြီးမှားနေကြောင်း ငြင်းပါ။ သူ၏အယူဆကို ဘယ်တော့မှ လက်မခံပါနဲ့။ သူ့အယူဆကို လက်ခံလိုက်ခြင်းဖြင့် သင့်ကို ကြိုးကိုင်ရန် ကြိုးစားတော့မည်ဖြစ်သည်။
ဥပမာ။ ။ ဗိုလ်ချုပ်က ကွန်မြူနစ်တစ်ယောက်လေ ဒီမိုကရေစီခေတ်ကြီးမှာ ကွန်မြူနစ်တစ်ယောက်ကို ဘာကြောင့် တမ်းတနေတာလည်း အဲ့တာက လွဲမှားတဲ့ အကောက်အယူဗျ။
(၁၁)အမှားကို ၀န်မခံပါနဲ့
မိမိ ဘယ်လောက်ပဲ မှားမှား ကိုယ့်အမှားကို သိုဝှက်ထားပါ။ ဘယ်တော့မှ ၀န်မခံမိပါစေနဲ့။ အမှားကိုဝန်ခံလိုကသည်နှင့် သင့်ကို လူယုံကြည်မှု လျော့နည်းသွားနိုင်သည်။ မှားသည်ဟု ပြောယုံဖြင့် မှန်ခြင်းသို့ မရောက်နိုင်သည် ဖြစ်ရာ မှားလျှင် ဘယ်တော့မှ ၀န်ခံရန်မလိုချေ။ ကိုယ့်အမှားကို သူများအမှားဖြစ်အောင် လိုအပ်လျှင်ပြောနိုင်ရမည်။ ဗြောင်လိမ် ဗြောင်စားဆိုသော ရှေးထုံးကို နမူနာယူထားသင့်သည်။
ဥပမာ။ ။ဒါကကျတော့်ကြောင့်မှားတာမဟုတ်ဘူး သူကလုပ်ခိုင်းတာ တကယ်ကလည်း မှားတာမှမဟုတ်တာ နားလည်မှုလွဲသွားတဲ့ ဖြစ်ရပ်ပဲလေ။
(၁၂)ကြမ်းကြမ်းတမ်းတမ်း စပြောပါ။
လူတစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း စကားစလိုက်ယုံဖြင့် ထိုသူက သင့်ကို ကြောက်ပြီး သင့်ပြောသမျှ သြဇာ ညောင်းနိုင်သည်။ ဒေါနှင့်မောနှင့် စပြောလျှင်သာ၍ကောင်းသည်။ လူတိုင်းက ချိုချိုသာသာ ပြောရန် ထိုက်တန်မှုမရှိချေ။ သို့အတွက်ကြောင့် ကြမ်းရမည်ဖြစ်သည်။ တတ်နိုင်လျှင် ရမ်းရမည်။ ဆဲဆိုမှုများကလည်း သင့်အတွက် သူတကာကို လွှမ်းမိုးနိုင်ရန် ကောင်းမွန်သော အခွင့်အရေး ဖြစ်ပေသည်။
ဥပမာ။ ။နလပိန်းတုန်းကောင် ဘာပြောမှာလဲ သောက်ရေမရ သောက်ဖက်မရတာတွေ ပြောတော့။
(၁၃)သူများလက်မခံသော အရာမှစပြောပါ
ခုရှုပ်မှ နောင်ရှင်းဆိုသော စကားရှိသည်။ ထိုစကားသည်မှန်၏။ သို့ကြောင့် စကားစပြောလျှင် ပြောခြင် မတူသော အရာများ လက်မခံနိုင်သော အရာများကို စတင်ပြောပါလေ။ လွယ်ကူ ညှိနှိုင်းသော အရာများကား ဘယ်အချိန်ပြောပြော အဆင်ပြေနိုင်သည်။ လုံးဝမတူညီဘူးဟု ထင်သည်များဖြင့် စကားစနိုင်လျှင် ပိုကောင်းသည်။ လူတိုင်းသည် တူညီမှုမှုမရှိနိုင်ဆိုသော စကားရပ်ကို သတိချပ်သင့်သည်။
ဥပမာ။ ။ ဒါကိုခင်ဗျား မကြိုက်မှန်းသိတယ်။ လောလောဆယ် လက်ခံလိုက်ဗျာ။ဆက်ဆွေးနွေးမယ်ဆိုရင် ဒါကိုလက်ခံလိုက်တာက ပိုအဆင်ပြေနိုင်တယ်။
#ဇာတ်ဆရာ
https://www.facebook.com/photo.php?fbid=967243956769280&set=a.150343515125999.1073741825.100004510538999&type=3

No comments:
Post a Comment
Note: Only a member of this blog may post a comment.