ချက္ကရ
x x x x
ချက္ကရ ဆိုတာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ လည်ပတ်နေတဲ့ စွမ်းအင်တွေကို ဆိုလိုတာဖြစ်ပါတယ်။
လူတွေရဲ့ ကိုယ်ထဲမှာ အဆုံးအစမဲ့ စွမ်းအင်များရှိပါတယ်။ ဒါပေမယ့် ဘယ်လို ထုတ်သုံးရမယ်ဆိုတာကို သိတဲ့သူဟာ အလွန်နည်းပါးပါတယ်။
သိလို့ တကယ်ထုတ်သုံးနိုင်တဲ့သူတွေဟာ အံ့ဖွယ်ထူးခြားတဲ့ စွမ်းအင်တွေနဲ့ သူတို့လိုချင်တဲ့ အရာတွေကို ရအောင် လုပ်ယူနိုင်ကြတယ်။
လောကီစည်းစိမ်ချမ်းသာတွေထက် သာလွန်တဲ့ ငြိမ်းအေးခြင်း၊လွတ်လပ်ခြင်း၊တည်ငြိမ်ခြင်း၊လွန်မြောက်ခြင်း အစရှိတဲ့ စိတ်ရဲ့စွမ်းအားတွေကို ရရှိနိုင်ကြတယ်။
ဘဝဟာ ရှုပ်ထွေးပါတယ်။ လိုချင်မက်မောမှု (လောဘ)၊ ပူလောင်ပြင်းပြမှု (ဒေါသ) နဲ့ တွေးတောတွေဝေမှု (မောဟ) တရားသုံးမျိုးရဲ့ ပိတ်ဆို့မှုတွေကြောင့် ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေ ဟာ စီးဆင်းခွင့်မရပဲ ပိတ်ဆို့နေတတ်ပါတယ်။
ချက္ကရ တွေကို ဖွင့်ပေးခြင်းဖြင့် ပိတ်ဆို့နေတာတွေ ပျောက်သွားပြီး စွမ်းအင်တွေဟာ အလိုရှိသလို စီးဆင်းနိုင်တယ်။ အဲဒီအခါ လူတစ်ယောက်ရဲ့ ဘဝပေါင်းများစွာက ဆည်းပူးလာခဲ့ပြီးငုပ်လျှိုးနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ တမုဟုတ်ခြင်း ဖွံ့ဖြိုးတိုးတက်လာပြီး ရည်မှန်းရာပန်းတိုင်ကို အလွယ်တကူရောက် နိုင်ကြတယ်။
ချက္ကရ ၇ မျိုးရှိတယ်။
သူတို့ဟာ အစဉ်လိုက် ခန္ဓာကိုယ်အပေါ်ဘက်မှာ တည်ရှိနေကြတယ်။ ချက္ကရတစ်မျိုးစီကို စိတ်ခံစားမှု တစ်မျိုးစီက ပိတ်ဆို့နေကြတယ်။ ချက္ကရတွေကို ဖွင့်လှစ်ခြင်းဟာ ပြင်းထန်တဲ့ကျင့်စဉ်တစ်ခုဖြစ်လို့ ၇ ခုစလုံးကို တစ်ခုပြီးတစ်ခု အဆက်မပြတ်ဖွင့်သွားရမယ်။ တစ်ပိုင်းတစ်စနဲ့ ရပ်မထားသင့်ဘူးလို့ ဆိုပါတယ်။
(၁) ကမ္ဘာမြေချက္ကရ
ကျောရိုးရဲ့အောက်ဆုံးနေရာ မှာရှိပြီး အသက်ရှင်သန်လိုမှုနဲ့ ဆက်စပ်နေတယ်။ သူ့ကိုပိတ်ဆို့ထားတာက ကြေက်ရွံ့မှုဖြစ်တယ်။
ကိုယ် အကြောက်ရွံ့ဆုံးအရာဟာ ဘာတွေ ဖြစ်မလဲ။ ဘာတွေကို ကိုယ်ဟာ ကြောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ အရေးကြီးတယ်။
မျက်စိထဲမှာ မြင်ယောင်ကြည့်ပါ။ ဘယ်လို အရာတွေကို ကိုယ်ဟာ ကြောက်ရွံထိတ်လန့်နေသလဲ။
ပြီးရင် အဲဒီ ကြောက်ရွံ့မှုတွေကို စမ်းချောင်းထဲမှာ စီးသွားတဲ့ရေလို ကိုယ်ခန္ဓာထဲကနေ စီးထွက်သွားပါစေ။
ဒါဆိုရင် ကမ္ဘာမြေချက္ကရ ပွင့်သွားပြီ။ အသက်ရှင်သန်လိုမှုအတွက် ကြောက်ရွံ့ရမှုတွေဟာ ကိုယ်ထဲမှာ မရှိတော့ဘူး။
(၂) ရေ ချက္ကရ
ဝမ်းဗိုက်အောက်ပိုင်းမှာရှိပြီး ပျော်ရွှင်မှုနဲ့ ဆက်စပ်နေတယ်။ သူ့ကို ပိတ်ဆို့ထားတာက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဆုံး အပြစ်ဟာ ဘာဖြစ်မလဲ။ ဘယ်လိုအပြစ်မျိုးကို ကိုယ်ဟာ လေးလံစွာ သယ်ပိုးထားနေရလဲ။
အခြားသူတွေက စွပ်စွဲတာမျိုးမဟုတ်တဲ့ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် အမှန်အတိုင်း လက်ခံလိုက်ပါ။ ပြီးရင် အဲဒီအပြစ်တွေက ကိုယ့်ကို အဆိပ်မခတ်ပါစေနဲ့။
ကိုယ်ဟာ လောကကြီးကို သာယာပျော်ရွှင်စေချင်တဲ့ စိတ်ကောင်းစေတနာရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လဲ ခွင့်လွှတ်တတ်ရမယ်။
လုပ်ခဲ့ဖူးတဲ့အပြစ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်ပါ။
ဒီချက္ကရ ပွင့်သွားခဲ့ရင် အပြစ်ရှိတဲ့သူတွေကိုလည်း ခွင့်လွှတ်ပြီး လမ်းမှန်ပေါ်ရောက်ဖို့ ကိုယ်ဟာ အားပေးတိုက်တွန်းတတ်လာမယ်။
ကိုယ်တိုင်လဲ နောင်တအကြိမ်ကြိမ်ရပြီး ပင်ပန်းပူလောင်မှုကနေ လွတ်မြောက်ပါလိမ့်မယ်။ ဒီလိုအပြစ်မျိုးတွေကို နောင်မကျူးလွန်မိအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက် တတ်လာမယ်။
(၃) မီး ချက္ကရ
အစာအိမ်မှာ တည်ရှိပြီး စိတ်တန်ခိုးနဲ့ ဆက်စပ်တယ်။ အဲဒါကို ပိတ်ဆို့ထားတာက ရှက်ရွံ့မှုဖြစ်တယ်။
အတိတ်က ကိုယ်လုပ်ခဲ့တာတွေထဲက ဘယ်ဟာက ကိုယ့်ကို ရှက်ရွံ့စေလဲ။ ကိုယ့်ကိုယ်ကိုယ် စိတ်အပျက်စေဆုံး အရာက ဘာဖြစ်မလဲ။
သေသေချာချာ မြင်အောင်ကြည့်ပါ။ အတိတ်မှာ ကိုယ်ဟာ လုပ်သင့်လုပ်ထိုက်တာဟာ ဘာဖြစ်ခဲ့မလဲ ဆိုတာကို သိအောင်လုပ်ပြီး အဲဒါကို လက်ခံလိုက်ပါ။ မလုပ်သင့်မလုပ်ထိုက်ဘူးဆိုတာကိုလဲ သိအောင်လုပ်ပြီး အဲဒါကို လက်ခံလိုက်ပါ။
ဒီချက္ကရ ပွင့်သွားခဲ့ရင် လူဟာ ရှက်ရွံမှုကြောင့် မလုပ်သင့်တာကို လုပ်ခဲ့တာ၊ လုပ်သင့်တာကို မလုပ်ခဲ့တာတွေကို အနာဂတ်မှာ ကောင်းကောင်းကျော်လွှားနိုင်ပါပြီ။
တစ်နည်းအားဖြင့် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရဲဖို့၊လုပ်နိုင်ဖို့ စိတ်တန်ခိုး ရလာပြီ။
(၄) နှလုံးသားချက္ကရ
နှလုံးသားမှာ တည်ရှိပြီး ချစ်ခြင်းမေတ္တာနဲ့ ဆက်စပ်တယ်။ သူ့ကို ပူဆွေးသောကရောက်မှုက ပိတ်ဆို့ထားတယ်။
ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းဆင်းရဲမှုကို သေချာမြင်အောင်ကြည့်ပြီး ခန္ဓာကိုယ်က စီးထွက်သွားပါစေ။
တကယ်တော့ ချစ်ခြင်းမေတ္တာဟာ ပြင်ပမှာ မရှိပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းမှာ နက်နက်ရှိုင်းရှိုင်းအမြဲတည်ရှိနေတယ်။
ဆုံးရှုံးတယ်ဆိုတာတွေဟာ တကယ်တော့ ကိုယ့်ရဲ့ကိုယ်တွင်းမှာ ထာဝရတည်ရှိနေပြီးသားပါ။ သူတို့ဟာ ပုံစံအသစ်နဲ့ တည်ရှိနေကြတယ်။ ဒါကြောင့် ဘယ်တော့မှ မဆုံးရှုံးပါဘူး။
ဒီချက္ကရ ပွင့်သွားခဲ့ရင် ဆုံးရှုံးမှုကြောင့် ကြောင့်ကြရမှုတွေကင်းစင်ပြီး မေတ္တာရဲ့သဘောအမှန်ကို သိလာလိမ့်မယ်။
(၅) အသံချက္ကရ
လည်ချောင်းထဲမှာ တည်ရှိပြီး အမှန်တရားနဲ့ ဆက်စပ်တယ်။ မုသားစကားတွေက ပိတ်ဆို့ထားတယ်။
မုသားပြောတယ်ဆိုတာ အမှန်ကို လက်မခံနိုင်လို့ ဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်းလက်ခံလိုက်ပါ။ မုသားစကားတွေကို သုံးစရာမလိုတော့ပါ။
ဒီချက္ကရပွင့်သွားခဲ့ရင် အမှန်တရား ကို လက်သင့်ခံနိုင်လာလိမ့်မယ်။ ဒါကသင့်ကို လွတ်လပ်ပေါ့ပါးစေပါတယ်။
(၆) အလင်းချက္က၇
နဖူးမှာတည်ရှိပြီး တတိယမျက်လုံးလို့လဲ ခေါ်ဆိုကြတယ်။ ကြည်လင်တဲ့ အမြင် နဲ့ ဆက်စပ်နေပြီး ထင်ယောင်ထင်မှား ဖြစ်မှုက ပိတ်ဆို့ထားတယ်။
ကွဲပြားခြားနားခြင်းဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ ထင်ယောင်ထင်မှားဖြစ်စေမှုတွေထဲက အဆိုးဝါးဆုံး အမြင်မကြည်လင်မှုဖြစ်တယ်။
တစ်ခုနဲ့ တစ်ခု မတူဘူး ကွဲပြားတယ်လို့ ကိုယ်လက်ခံထားတဲ့အရာတွေဟာ တကယ်တန်းတော့ တစ်မျိုးတည်း၊တစ်ပေါင်းတည်း ဖြစ်နေတတ်တယ်။
ရေ၊မြေ၊လေ၊မီး ဆိုတဲ့ အရာလေးခုတောင် တကယ်တန်းတော့ ကွဲပြားခြားနားသလိုနဲ့ တစ်မျိုးတည်းသော အရာတွေပါပဲ။
လူသားတွေဆိုတာလဲ ဒီလိုပဲ နေရာအရပ်ကိုလိုက်ပြီး အမျိုးမျိုးကွဲပြားနေပေမယ့် အားလုံးဟာ လူသားတွေပဲ ဖြစ်ကြတယ်။
ဒီချက္ကရ ပွင့်သွားခဲ့ရင် ဖွင့်ထားတဲ့ စိတ်နှလုံး ရှိလာပြီး အရာအားလုံးရဲ့ ပင်ကိုအရှိတရားတွေကို မြင်နိုင်လာမယ်။
(၇) အတွေးချက္ကရ
ဦးခေါင်းထိပ်ဆုံးမှာ တည်ရှိပြီး သန့ှ်ရှင်းတဲ့အာကာသစွမ်းအင်နဲ့ ဆက်စပ်တယ်။ တွယ်တာတပ်မက်မှုတွေက ပိတ်ဆို့နေတယ်။
ဒီကမ္ဘာလောကကြီးမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ရာ ဘယ်အရာက ကိုယ့်ကို ဆွဲငင်ထားတယ်ဆိုတာ မြင်အောင်ကြည့်ပါ။ အဲဒီ တွယ်တာတပ်မက်မှုတွေကို စမ်းချောင်းထဲမှာ ရေစီးသွားသလို စီးဆင်းသွားပါစေ။
စွဲလန်းခြင်း၊တပ်မက်ခြင်း၊ရယူပိုင်ဆိုင်လိုခြင်းစတဲ့ ဆွဲငင်အားတွေကို ခန္ဓာကိုယ်ကနေ ပြေလျော့ ထွက်သွားပါစေ။
အရာအားလုံးကို မေ့ပစ်လိုက်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် အလွန်သန့ှ်ရှင်းတဲ့ အာကာသစွမ်းအင်တွေဟာ စကြာဝဠာထဲကနေ ကိုယ့်ကိုယ်ထဲကို စီးဝင်လာလိမ့်မယ်။
ဒီချက္ကရဟာ နောက်ဆုံးနဲ့အမြင့်ဆုံးဖြစ်ပြီး ပွင့်သွားခဲ့ရင်တော့ အလုံးစုံသော ဥာဏ်ပညာနဲ့လွတ်လပ်ခြင်းသဘောတရားတွေဟာ ကိုယ်ထဲကို စီးဝင်လာပါလိမ့်မယ်။ ပြီးတော့ အဲဒါတွေဟာ ဘယ်တော့မှ မကုန်ခမ်းတော့ဘူး။
မေတ္တာဖြင့်
သူရ
https://www.facebook.com/groups/262845124161566/permalink/291337597978985/

No comments:
Post a Comment
Note: Only a member of this blog may post a comment.